Hero Record Of Our Generation
spit out here, no rules for u all
Sunday, July 20, 2008
"၀ဋ်"
ဓါးစက်လှံစက်တွေ တတ်ဆင်ထားတဲ့ လေပွေလေရိုင်းအောက် ........၊
အပိုင်းပိုင်းပြတ်တောက်သွားတဲ့ အသက်ခန္တာတွေ ...။
သစ်ရွက်တွေဆောက်တည်ရာမဲ့ လွင့်ဝဲနေကြသလိုမျိုး...၊
ဝိဥာဉ်တွေခိုကိုးရာမဲ့လို့....။
ကြောက်လန့်တကြား ဖက်တွယ်ထားတဲ့ လက်မောင်းနှစ်ဖက်ဟာ .....၊
လယ်ယာပဲလုပ်ခဲ့ ၊ .. တံငါပဲလုပ်ခဲ့ ၊
သားဦးလေးကိုရှင်ပြုပေးနိုင်ခဲ့၊
သံဃာတောတွေကို ဆွမ်းကွမ်းကပ်လှူခဲ့...၊
အဲသလို ရိုးသားသလောက်သန့်ရှင်းစင်ကြယ်ခဲံတဲံလက်တွေဟာ
ဘယ်အရာကို အားကိုးတကြီးဖက်တွက်ကြမလဲ....၊
သွေးချင်းချင်းရဲနေတဲ့ လောကဓံကြီးရဲ့အောက်
ဒီမိုး...၊
ဒီရေ ....၊
ဒီလေနဲ့
ဒီလောက် အုံ့ဆိုင်းမှိုင်းပြနေတဲ့ကောင်းကင်ကြီးရဲ့အောက် .....၊
ပြားပြားမှောက် လည်စင်းပေးခဲ့ရ။
ဘ၀မှာ နှစ်ခါမသေပေမယ့် ...၊
စိတ်ဓါတ်တွေအခါခါသေကျန်ရစ်တဲ့ “ လူရှင်တွေ..” ..၊
သူတို့မျက်ဝန်းတွေမျှော်ငေးရာအရပ်မှာ
ဘယ်အရာတွေရှိနေလိမ့်မလည်း.....၊
တစ်ကမ္ဘာလုံးရွာကျခဲ့တဲ့ကရုဏာမိုးရေမှာ ...၊
ပြန်ရှင်ဖို့ ... မသေချာတဲ့ သစ်ခြောက်ပင်တွေပေါ့..
ညှိုးရော်တေလေ............
ထားရာနေ စေရာသွား.....၊
မေးရင်ဖြေ....၊ ဝေရင်စား........။
ကျောသားရင်သားဆိုတာ ရေခဲသေတ္တာထဲထည့်စားရတဲ့အသားတစ်တွေလား....တဲ့.....။
ကဲ......
ဟော့ဒီ့ သန်း၅၀ကျော်ကြီးဟာ ..
တစ်ခေတ်တစ်ဘ၀က
ဘယ်ပြစ်မှုတွေကို အတူတူ ကျူးလွန်ဖူးကြသလဲ.........၊ ပြုသူအသစ်ဖြစ်သူအဟောင်းသင်ရိုးညွှန်းတမ်းမှာ .... ၊
ငါတို့ အဟောင်းတွေကတော့....
.ကျေလောက်ပြီ........။
စက်တင်ဘာသွေး
“စက်တင်ဘာ....သုညခွန်... “
“စက်တင်ဘာ....သုညခွန်... “
ဒါဟာချောက်ချားကြောက်လန့်အောင်
ဇာတ်လမ်းဇာတ်ကွက်ဆင်ထားတဲ့.. ပုံပြင်တစ်ခုမဟုတ်ဘူး..၊
အမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်....။
အမှန်တကယ့်ကိုဖြစ်ခဲ့ပျက်ခဲ့တယ်...။
ကြားဖူးနားဝထဲမှာ.....၊
သင်အံဖူးသမျှထဲမှာ....
ဖြတ်သန်းလာခဲ့သမျှထဲမှာ..၊
ဒီစာမျက်နှာက...သွေးနံ့တွေက အညှီဆုံးပေါ့...။
သူတို့ဟာ..လူတွေကို လက်ယဉ်ယဉ်နဲ့သတ်နိုင်ဖို့..
စနစ်တကျလေကျင့်သင်အံခဲ့ကြတာ...။
သူတို့ဟာ..သူတို့အလိုရမ္မက်အတွက်..
ကိုယ့်သမိုင်းကို..တံတွေးနဲ့ရေးရဲတာ....။
သူတို့ဟာ..သူတို့ရောက်နေရာအရပ်ဟာ
ချိုင့်ဝှမ်းမှန်း..တောင်တန်းမှန်းမသိအောင်...
အတ္တတွေပိန်းပိတ်နေခဲ့တာ...။
သူတို့ဟာ
လက်တစ်လုံးခြားလှည့်စာတတ်သလိုမျိုး..
ပြောင်လိမ်ဖို့လည်းဝန်မလေးကြဘူး..။ သူတို့ဟာ...
အံ့သြစရာကောင်းလောက်အောင်...
အနှစ်နှစ်ဆယ်လုံးလုံးလုပ်ဇာတ်ကနိုင်ခဲ့...။
သားသတ်မုဆိုးတွေရဲ့ရက်စက်မှုလား....၊
အမဲလိုက်ခွေးတွေရဲ့စိတ်ဆာလောင်မှုလား..၊
အရိုးရှင်းဆုံးမေတ္တာတံတားတွေပေါ်မှာ ..
စစ်ဖိနပ်သံတွေပြင်းထန်သွားခဲ့ပြီ..။
ဆရာတော်ဦးဥတ္တမဟာ..
မျက်ရည်ယိုဗုံးပိန်းပိတ်နေတဲ့ကြားက...
ဦးခေါင်းကို နံပါတ်တုတ်နဲ့အရိုက်မခံခဲ့ရဘူး..။
ဘုရားသားရဲ့သွေးစိမ်းရှင်ရှင်တွေ..
ဘုရားရဲ့မြေမှာ..
မစွန်းပေခဲ့ရဘူး...။
ဆရာတော်ဦးဝိစာရဟာ...
သေနတ်သံတွေအကြားမှာ...
သင်္ဃန်းတဖားဖားနဲ့မပြေးခဲ့ရဘူး..။
လက်ပြန်ကြိုးတုတ်ပြီး..
သေနတ်ဒင်နဲ့အဆောင့်မခံခဲ့ရဘူး...၊
ဘယ်သူ့လက်ချက်မှန်းမသိဘဲ..
ရေထဲမှာအလောင်းအမျှောမခံခဲ့ရဘူး...။ ဒါဟာ...
ဘာသာမတူ..
လူမျိုးမတူသူတွေရဲ့လက်အောက်..
ကျွန်သဘောက်ဖြစ်နေတုန်းကပေါ့....၊
ဒါတွေဟာ..
မြန်မာ့သမိုင်းထဲက...
ရဟန်းအာဇာနည်တွေပေါ့.....။
ဒါတွေလည်းအမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်....။
အရိုးသားဆုံးဓမ္မရှင်တွေဟာ...၊
ဘာအလိုရမ္မက်မှမပါပဲ...၊
ဆန္ဒကိုဆန္ဒအတိုင်း ရိုးရိုးသားသား ဖေါ်ထုတ်ခဲ့ကြတာ....၊
အမွန်မြတ်ဆုံးမေတ္တာဓါတ်တွေဟာ...၊
ဘယ်လိုကိုယ်ကျိုးဖက်မှုမှမပါပဲ...၊
သူတို့စွမ်းဆောင်နိုင်သမျှ..
သူတို့ကယ်တင်ခဲ့ကြတာ......။
အခု...............။
မေတ္တာသုတ်ရွတ်သံကိုယမ်းခိုးတွေနဲ့မှိုင်းတိုက်လို့...၊
ရွှေဝါရောင်သင်္ကန်းတွေကို သွေးရောင်လျှမ်းစေခဲ့ကြ...၊
အပြစ်မဲ့ပြည်သူတွေကို..
အမဲကောင်လိုသဘောထားပြီး..
ရွှေတိဂုံရင်ပြင်ကို..
လူသတ်ကုန်းလို သဘောထားရဲကြ...၊
ဒါတွေလည်းအမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်....။
အခြေအနေအားလုံးကို မျက်လှည့်ပြလိုက်သလိုမျိုး
တိတိကျကျပြောင်းပြန်လှန်ပစ်နိုင်တဲ့...
တစ်ဖက်ကမ်းခတ်ကလိန်ဥာဏ်များကလည်း..
လက်ဖျားခါချင်စရာ...၊
မီဒီယာနည်းနာကိုမီးကုန်ယမ်းကုန်အသုံးချတတ်ပုံကလည်းသြချစရာ....။
သူတို့ဟာ.....
ဟစ်တလာလိုကြီးကြီးကျယ်ကျယ်လိမ်ပြီး...၊
နရသူမင်းလို..
အာဏာကို ဘာသာနဲ့လည်းလဲရဲတယ်...။
ကြည့်ကြ........။
ပါးစပ်ကဘုရားဘုရားဆိုသမျှ....
ကို့ယို့ကားယားနိုင်လွန်းလှတဲ့လက်တွေလေ......၊
ဝါတိုသင်္ဃန်းတွေကပ်ပြဖူးတဲ့လက်...၊
ကထိန်သင်္ကန်းတွေကပ်ပြဘူးတဲ့လက်...၊
ဘုရားထီးတော်တွေကို..
မတန်တရာ တင်ပြဘူးတဲ့လက်....၊
အဲဒီ့လက်တွေမှာ........
ဘယ်သံသရာ ရောက်ရောက်ဖျက်လို့မရတဲ့... ......
"သွေးတွေနဲ့"။ ။
စက်တင်ဘာသွေး
Friday, July 18, 2008
ငါတို့ ဗိုလ်ချုပ်ရဲ့ သမိုင်း
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ဖခင်၊ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သောဗိုလ်ချုပ်အောင်ဆန်းသည်
သက္ကရာဇ် ၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက် (၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက် ) စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၊ အဖ အမိန့်တော်ရရှေ့နေဦးဖာ၊ အမိဒေါ်စုတို့မှ ဖွားမြင်သည်။
အသက် ၇ နှစ်အရွယ် နတ်မောက်မြို့၊ ဆရာတော်ဦးသောဘိတ၏ကျောင်းတွင် ပညာသင်၍ အသက် ၁၄ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ကူးပြောင်းသင်ကြားရာ ၁၉၃၂ ခုနှစ် အသက်၁၈ နှစ်တွင် အထက်တန်းပညာကိုအောင်မြင်၍ ထိုနှစ် ဇွန်လမှာပင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလေသည်။
၁၉၃၅ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂအမှုဆောင်နှင့် သမဂ္ဂမှထုတ်ဝေသော အိုးဝေစာစောင်စာတည်းအဖြစ်ဆောင်ရွက်သည်။ ၁၉၃၆-၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပြီးနောက် ၁၉၃၇-၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြန်လေသည်။
ဤသို့ ကျောင်းသားအရေးအရာများကို မဆုတ်မနစ် ရှေ့ဆောင်ခေါင်းရွက်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌအဖြစ်မှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ပြီးလျှင် အတွင်းရေးမှူးအဖြစ် နေ့ညမနားဆောင်ရွက်လေသည်။
၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် နယ်ချဲ့တို့ လက်အောက်မှ ရှင်းရှင်းကြီးလွက်မြောက်ရမည်ဟူသော သံဓိဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ် သြဂုတ်လတွင်
မြန်မာပြည် ပြင်ပသို့ထွက်သွားပြီးနောက် မြန်မာပြည်လွတ်လပ်ရေးရစေမည်ဟူသော ဂျပန်အစိုးရ၏ ကတိကို
ယူ၍ ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာကိုသင်ကြားပြီးလျှင် ၁၉၄၁ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားပြည၊် ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းလေသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးရှေ့ဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်စစ်တပ်များနှင့်အတူ ပူးတွဲချီတက်လာပြီးလျှင် နယ်ချဲ့များလက်မှ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်သိမ်းပိုက်လိုက်လေသည်။ သို့သော်ဂျပန်စစ်တပ်သည် ကတိဖောက်ဖျက်ရုံသာမက ပြည်သူလူထုအပေါင်းတို့အား ညှင်းပန်းနှိပ်စက်မှုများကို ပြုကျင့်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တပ်မတော်ကြီးနှင့်တကွ တစ်ပြည်လုံးကို ခေါင်းဆောင်လျက် ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်
ဂျပန်တို့အား အတိအလင်းစစ်ကြေညာ၍ သုတ်သင်ရှင်းလင်းပြီးလျှင် လူထုကြီးတစ်ရပ်လုံးကို ဖက်ဆစ်တို့၏
ကြမ်းကြုတ်ရက်စက်မှုဘေးမှ ကယ်တင်လိုက်လေသည်။
ဖက်ဆစ်ဂျပန်များ ဆုတ်ခွာထွက်ပြေးကြပြီးနောက် ဗြိတိသျှတပ်များဝင်ရောက်လာရာ၌လည်း ဗြိတိသျှတို့သည် မြန်မာပြည်ကို ကျွန်သက်ရှည်စေသည့် စက္ကူဖြူစာတန်းကို ယူလာကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သော“ဖ.တ.ပ.လ“ ခေါ် ဖက်ဆစ်တိုက်ဖျက်ရေးနှင့်
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကို အမျိုးသားတပ်ပေါင်းစုကြီးအဖြစ် ပြန်လည်ဖွဲ့စည်းပြီးလျှင် လွတ်လပ်ရေး
အောင်လံကြီးကိုလွှင့်ထူ၍ လွတ်လပ်ရေးတိုက်ပွဲကြီးကို ဆင်နွှဲလေသည်။ ထို့နောက်ယာယီ ကြားဖြတ်အစိုးရအဖွဲ့
အတွင်းသို့ဝင်ရောက်ဆောင်ရွက်၏ ။ ဗြိတိသျှတို့ထံလွတ်လပ်ရေးအတွက် အရေးဆိုရာ ၁၉၄၆ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဘိလပ်သို့ဖိတ်ကြားခြင်းခံရပြီးလျှင် ၁၉၄၇ ခု၊ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဘိလပ်သို့သွားရောက်
လေသည်။သို့လျှင် ဗြိတိသျှအစိုးရ၏ ဖိတ်မန်ချက်အရ သွားရမည့်ဆဲဆဲတွင် “ခါးတောင်းကျိုက် မဖြုတ်ကြနှင့်“ ဟုပြည်သူလူထုအား အသင့်ရှိစေရန် မှာကြားခဲ့သည်။ ပြီးနောက် အင်္ဂလန်ပြည် ၊ လန်ဒန်မြို့သို့တက်ရောက်ကာ
လွတ်လပ်ရေးအတွက်အရေးဆို၍ “အောင်ဆန်း-အက်တလီ“ စာချုပ်ကို ချုပ်ဆိုခဲ့ပြီးလျှင် “တစ်နှစ်အတွင်း လွတ်လပ်ရေး ရရမည်“ ဟူသော ရဲရဲတောက် ကတိကြီးကို ပြည်သူလူထုအား ပေးလေသည်။ ထို့နောက် ပင်လုံတွင် တစ်ပြည်ထောင်လုံး ညီညွတ်ရေးကြီးကို မြဲခိုင်စွာ အုတ်မြစ်ချပြီးနောက် တစ်နိုင်ငံလုံး ကိုယ်စားလှယ်များပါဝင်သော တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို ရွေးကောက်ဖွဲ့စည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ရေးဆွဲခဲ့လေသည်။
ထိုသို့ ပြည်သူလူထုကြီး တစ်ရပ်လုံးကို လမ်းပြခေါင်းဆောင်လျှက် မိမိ၏ အသက်စည်းစိမ်ကို မြူတစ်ခြမ်းမျှ ပမာဏမပြုဘဲ ပြည်သူလူထု၏အကျိုး၊ ပြည်ထောင်စုကြီး၏ အကျိုးကိုသာ မျက်မှောက်ပြုလျက် အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေဆဲမှာပင် ၁၉၄၇ ခု၊ဇူလိုင်လ ၁၉ ရက်နေ့၌ လူမသမာတို့၏လက်ချက်ဖြင့် ပြည်သူလူထု၏ဖခင် ကျေးဇူးရှင်ကြီးသည် လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့ရလေသည်။
( ၁၉၇၁ ခုနှစ်၊စာပေဗိမာန်တိုက်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ဘ၀ဖြစ်စဉ်ကိုဖော်ပြရာမှာ လိုအပ်ချက်တွေ အများကြီးရှိနေမယ်ဆိုတာ ၀န်ခံပါတယ်ခင်ဗျာ။ အစိမ်းပုတ်ရောင်ကန့်လန့်ကာနောက်မှာ အမှောင်ချထားခံရတဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အဓိက
ရည်ရွယ်ပါတယ်။)
နေသွေး
ကယ်တင်ရှင်
“ကယ်တင်ရှင်”
သေချာနေပြီ
သေချာနေခဲ့ပါပြီ
ဒါဟာသေချာနေခဲ့တာ
ဆယ်စုနှစ်ငါးခုရှိခဲ့ပြီ
ငါတို့ အမှောင်ကျနေခဲ့တာ
ငါတို့ အားလုံးထောင်ကျနေရတာ
မရေရာမှုတွေထဲမှာပဲ သေချာနေခဲ့ပါပြီ။
ဘ၀တွေကျိုးကြေဖရိုဖရဲ
ငါတို့ နေ့ စွဲတွေလည်းအပြိုပြိုအလဲလဲပေါ့။
တခါလောက်တော့ခေါင်းမော့ချင်မိပါရဲ့ 
ငါဟဲ့မြန်မာ…ငါတို့ မြန်မာလို့ လေ
အနိစ္စ မတည်မြဲခြင်းဆိုတာလည်း
ဘာကြောင့်များခုချိန်ထိ ငါတို့ တွေအတွက်မမှန်သေးတာလဲ
ကံကြမ္မာကရွဲလွန်းတယ်ကွာ
ငါတို့ လည်းလူတွေပါ
အစာတော့၀၀စားချင်တာသေးပေါ့
ပရော်ဖက်ဆာအိပ်မက်မက်ချင်သေးတာပေါ့
ကမ္ဘာ့အဆင့်ထိတက်မတ်မတ်ရပ်ပြချင်သေးတာပေါ့
ငါတို့ ကဘာမှားနေလို့ လဲ
ငါတို့ တွေလေ မွေးကတည်းက
ဘာများချို့ ယွင်းခြဲ့ကလို့ လဲ
ဘယ်သူ့ ကိုများ ငါတို့ ထိခိုက်ပစ်မှားခဲ့လို့ 
ငါတို့ ကိုလှောင်ပိတ်ထားရတာတဲ့လဲ။
ဟောဒီမှာ…
ဆန္ဒတွေသေဆုံး
အနာဂတ်တွေတိမ်ဖုံး
ငါတို့ မျက်လုံးတွေ
ရောင်နီကိုမျှော်နေရလွန်းလို့ 
နီကျင်ဝေမွဲ
ရီချင်စိတ်လည်းမရှိတော့တာ
ငါမှတ်မိသလောက်ဆို
မမှတ်မိနိုင်လောက်အောင်ကြာညောင်းခဲ့။
တကယ်ဆို ဘယ်သူ့ ကိုမှမမုန်းတတ့်တဲ့
အပြုံးသက်သက် ဝေချင်ခဲ့သူတွေပါ
ငါတို့ ခေတ်ကျမှ
သေနတ်ပြောင်းတွေက ဇာတ်ရှည်လွန်းတယ်
ရတက်အပေါင်းပွေရ ခက်လေလွန်းတယ်။
ဘယ်သူကယ်မှလွတ်မြောက်ရလေမလဲ
ကောက်ချက်ချဆွဲလိုက်တော့
အဲဒီကောင်…အဲဒီကောင်လေ
မသိယောင်ဆောင်လို့ မျက်နှာလွှဲထား
ကြည့်မှန်ထဲကငနဲကို ဘွားခနဲတွေ့ လိုက်တယ်။
မိုဃ်းသွေး
Monday, July 14, 2008
ဇေယျာသော်ရဲ့ ကဗျာလက်ရေးမူ
ဒီလိုငနဲတွေ...လိုနေသေးတယ်...
လုပ်ကြပါဦးဟ..ကိုယ်လူတို့ ရ...
ကိုယ့်ခေတ်တိုက်ပွဲကိုယ်မပါပဲပြီးသွားမှာ
နှာမြောစရာကြီးတိုတာမမေ့နဲ့ လေ...
ဒါမျိုးကဒီ -ါ-ိုးမသားတွေခေတ်ပဲကြုံရတာ...
ရတဲ့နေရာကတော့ဝင်နွှာကြမှာဖြစ်မှာပေါ့
လူမျက်နှာပျောက်တဲ့လူသား
လူအချင်းချင်း…..မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့ အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့မေတ္တာမဲ့တဲ့နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။
ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။
ငါတို့ခေတ်မှာ..ကမ္ဘာရဲ့သစာ
ပျောက်ဆုံးနေတဲ့လောကပါလ ဟာ..
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေပျောက်နေကြပြီ။ ။
ဇေယျာသော်
၂၇.၆.၀၈
ရုံးထုတ်လာတဲ့G-Wave အဖွဲ့ ဝင်များ..
မှန်တာလုပ်တဲ့ကောင်တွေကတော့အေးဆေးပဲ..
ဘေးကမိဘတွေကလည်း ဂုဏ်ယူနေတဲ့အပြုံးတွေနဲ့ ...
ငါ့သားကသူရဲကောင်းဟဲ့တဲ့
မွေးရကျိုးနပ်လိုက်တဲ့ကောင်ကြီး
မမှန်တဲ့ကောင်တွေကတော့သွားဖြဲပြီးမျက်နှာချိုသွေးနေရတယ်..
ဇေယျာသော်ရဲ့ မျက်နှာက...သူငယ်ချင်းတို့ မကြောက်နဲ့ လို့ ပြောနေသလားပဲ..
ကဲအပေါင်းသင်းအသင်းတို့ ရေ...ဆွဲလိုက်ကြစို့ ...အပြီးသတ်တိုက်ပွဲ
မင်းလည်းလိုက်မယ်မဟုတ်လား....